နာမည်ကြီး ဘောလိဝုဒ်ရုပ်ရှင်ဇာတ်ကားတွေဖြစ်တဲ့ Dangal, Chhichhore နဲ့ Bawaal တို့ကို ပုံဖော်ရိုက်ကူးခဲ့သူ ဒါရိုက်တာ နီတက်ရှ် တီယာရီ ဟာ ဟိန္ဒူဘာသာရေးဆိုင်ရာ အစဉ်အလာကြီးစာပေတစ်ခုဖြစ်တဲ့ ရာမာယဏဇာတ်တော်ကြီးကို Live-Action အဖြစ် ရိုက်ကူးတင်ဆက်သွားတော့မယ်လို့ သိရှိရပါတယ်။
အခု ရိုက်ကူးမယ့် ရုပ်ရှင်ကားမှာ ရာမမင်းသားနေရာက နာမည်ကြီးသရုပ်ဆောင် ရန်ဘီရား ကာပူး ပါဝင်လာမှာဖြစ်ပြီး သီတာဒေဝီရဲ့နေရာမှာ တမီလ်မင်းသမီး ဆိုင်းပယ်လာဗီ၊ ရာဝဏ(ဒဿဂီရိ)ရဲ့နေရာမှာ KGF သရုပ်ဆောင် ယတ်ရှ်တို့ ပါဝင်လာမယ်လို့ သတင်းတွေက ဖော်ပြပါတယ်။
ရာမာယဏ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ဖို့အတွက် သရုပ်ဆောင်မင်းသား ရန်ဘီရား ကာပူး ဟာ ၂၀၂၄ ခုနှစ် မတ်လ ၂ ရက်နေ့ကစလို့ ၂၀၂၄ ခုနှစ် မေလအထိ အချိန်ပေးထားလိုက်ပြီးပြီလို့ ဆိုပါတယ်။
၂၀၂၃ ခုနှစ်တုန်းက ရာမာယဏဇာတ်တော်ကြီးကို ဘာဟုဗာလီမင်းသား Prabhas က သရုပ်ဆောင်ကာ Adipurush နာမည်နဲ့ ရိုက်ကူးခဲ့ပြီး အဲ့ဒီဇာတ်ကားရဲ့ VFX အသုံးပြုမှုဟာ အရမ်းကို ညံ့ဖျင်းလွန်းတဲ့အတွက် ဝေဖန်မှုတွေကို ရင်ဆိုင်ခဲ့ရဖူးပါတယ်။
အခုရိုက်ကူးမယ့် ရာမာယဏဇာတ်တော်ကြီးဇာတ်ကားအတွက် အော်စကာဆုရ ဟောလိဝုဒ်ရုပ်ရှင် Dune: Part One ရဲ့ VFX ကို တာဝန်ယူခဲ့တဲ့ DNEG ကုမ္ပဏီက တာဝန်ယူပေးသွားမယ်လို့ ကနဦး သတင်းရရှိထားကြောင်း အိန္ဒိယသတင်းမီဒီယာတွေက ရေးသားဖော်ပြနေပါတယ်။