မိနစ် ၉၀ ကျော်မှာ သွင်းခဲ့တဲ့ နောက်ကျဂိုးတွေနဲ့အတူ မန်ယူက ဖာဂူဆန်ခေတ်ထဲမှာ နာမည်ကြီးခဲ့ပါတယ်။ အဲ့ဒီတုန်းက ပွဲမပြီးသေးသရွေ့ မန်ယူ ရှုံးပြီလို့ မပြောလိုက်ပါနဲ့ဆိုတဲ့စကားဟာလည်း နာမည်ကျော်ခဲ့တာပေါ့။ ဖာဂူဆန်ဟာ သူ့လက်ထဲမှာ မန်ယူကို မိနစ် ၉၀ ကျော် ပရီးမီးယားလိဂ်သွင်းဂိုး ၁၆ ဂိုးအထိ ရရှိစေခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း အဲ့ဒီခေတ်တုန်းက မိနစ် ၉၀ ကျော်အချိန်တွေကို Fergie Time လို့ တင်စားခဲ့ကြတာပါ။
အခုတော့ ရာဇဝင်ထဲမှာ ဖာဂူဆန်ကို ထားရစ်ခဲ့လို့ ရပါပြီ။ ဘာကြောင့်လဲဆိုတော့ ဖာဂူဆန်ရဲ့စံချိန်ကို ချိုးဖျက်လိုက်သူ ထွက်ပေါ်လာလို့ပါပဲ။ ဖာဂူဆန်ရဲ့ မိနစ် ၉၀ ကျော် နောက်ကျသွင်းဂိုးစံချိန်ကို ချိုးဖျက်ကျော်ဖြတ်လိုက်သူက လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်ပဲ ဖြစ်ပါတယ်။
လီဗာပူးက ခရစ္စတယ်လ်ပဲလေ့စ်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လီဗာပူးအတွက် အဖိုးတန်အနိုင်ဂိုးကို ၉၀+၁ မိနစ်မှာ အီလီယော့တ်က သွင်းပေးသွားခဲ့ပါတယ်။ အဲ့ဒီဂိုးဟာ နည်းပြ ဂျာဂင်ကလော့ပ်ရဲ့လက်ထက်မှာ လီဗာပူးအနေနဲ့ မိနစ် ၉၀ ကျော် ပရီးမီးယားလိဂ်နောက်ကျသွင်းဂိုး ၁၇ ဂိုးမြောက်ကို ရရှိခြင်းပါပဲ။ ဒါကြောင့်လည်း ဖာဂူဆန် ရရှိခဲ့တဲ့ မိနစ် ၉၀ ကျော် ပရီးမီးယားလိဂ်နောက်ကျသွင်းဂိုးစံချိန်ကို ဂျာဂင်ကလော့ပ်က ကျော်တက်လိုက်ပြီလို့ ပြောရတာပါ။
Fergie Time ခေတ် ပြီးဆုံးသွားပါပြီ။ မော်ဒန်ခေတ်သစ်မှာ Klopp Time ခေတ် ရောက်လာခဲ့ပါပြီ။