ဇူလိုင်၃၁
ရန်ကုန်တိုင်းအတွင်း စားအုန်းဆီ တစ်ပိဿာကျပ်၇၂၀၀ကျော်ဖြင့် အိမ်တိုင်ရာရောက်ရောင်းချပေးမည်ဖြစ်ကြောင်းမြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းကဇူလိုင်လ(၃၁)ရက်နေ့ကသိရသည်။
စာအုန်းဆီများကို အိမ်တိုင်ရာရောက် တိုက်ရိုက်ရောင်းချသည့် Door to Doorစနစ်ကို ဇူလိုင်လ(၃၁)ရက်မှစတင်ရောင်းချပေးနေပြီးရန်ကုန်တိုင်းမြို့နယ်(၄၄)မြို့နယ်လုံးကိုရောင်းချပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းကဆိုသည်။
“ကျွန်တော်တို့အသင်းအနေနဲ့စားအုန်းဆီတွေကို အိမ်တိုင်ရာရောက်Door to Doorစနစ်နဲ့ ရောင်းချပေးသွားဖို့ရှိပါတယ်။ ရည်ညွှန်းဈေးကျပ် ဆီတစ်ပိဿာကျပ်၅၀၀၀ကျော်နဲ့ရောင်းချပေးမှာဖြစ်ပြီး ဘူးသွပ်ခ၊ဘူးခွံဖိုး၊သယ်ယူပို့ဆောင်ခDeliveryဖိုး အပါအဝင် တစ်ပိဿာကို ကျပ်၇၂၀၀ကျော်လောက် ကျမယ်ထင်တယ်။ အိမ်ထောင်စုတစ်စုကို တစ်လတစ်ကြိမ်မှာယူလို့ရပြီး တစ်ခါမှာရင် ပိဿာအနည်းဆုံးနဲ့ နှစ်ပိဿာအများဆုံးမှာယူနိုင်ပါတယ်။ အထောက်အထားအနေနဲ့ ဖုန်းနံပါတ်နဲ့ အိမ်လိပ်စာ ပဲလိုပါတယ်။အိမ်လိပ်စာတစ်ခုကို တစ်လတစ်ကြိမ်မှာယူနိုင်ပါတယ်။Deliခကတော့ မြို့နယ်အပေါ်မူတည်ပြီးကွာခြားသွားမှာဖြစ်တယ်”ဟု မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းဥက္ကဌဦးဆန်းလင်းက ပြောသည်။
အဆိုပါစားအုန်းဆီများကို ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်သူများထဲမှ အရောင်းဆိုင်များသို့သွားရောက်ရန်အခက်အခဲရှိသော အိမ်ထောင်စုဝင်များအနေဖြင့် အိမ်ထောင်စု တစ်စုကို နှစ်ပိဿာနှုန်း တစ်လလျှင်တစ်ကြိမ် ဖြန့်ဖြူးရောင်းချပေးရန်စီစဉ်ထားပြီး Call Center ဖုန်း ၀၁-၂၃၉၉၂၂၂ (လိုင်းခွဲ၇)သို့ ဆက်သွယ်မှာယူနိုင်ကြောင်းဖော်ပြထားသည်။
လက်ရှိ ဇူလိုင်(၃၁)ရက် နေ့လည်ပိုင်းအထိစားအုန်းဆီမှာယူရန်ဖုန်းဆက်သွယ်လာသူ(၄၀၀၀)ခန့်ရှိပြီး အော်ဒါ(၄၀၀)ခန့်ရောင်းချပေးပြီးဖြစ်ကာ တစ်ရက်ကို အော်ဒါ(၁၂၀၀)ကျော်၊တစ်လကို အော်ဒါ သုံးသောင်းနီးပါးရောင်းချပေးရန်ရည်မှန်းထားပြီး ယခု အိမ်တိုင်ရာရောက်စနစ်အပြင် ဆိုင်များတွင်လည်း ပုံမှန်အတိုင်းစားအုန်းဆီများကို ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။