Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ရန်ကုန်တိုင်းက မြို့နယ် ၆ မြို့နယ်မှာ ပြည်သူ့စစ်မှုထမ်းဥပဒေ ကြိုဆိုထောက်ခံပွဲတွေ ကျင်းပ

မနေ့က ဖေဖော်ဝါရီလ ၁၅ ရက်မှာ ရန်ကုန်တိုင်းထဲက မြို့နယ် ၆ မြို့နယ်အတွင်း ပြည်သူ့စစ်မှုထမ်းဥပဒေ ကြိုဆိုထောက်ခံပွဲတွေ ကျင်းပခဲ့တယ်လို့ သိရှိရပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေအား ကြိုဆိုထောက်ခံပွဲတွေကို မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်စည်ပင်သာယာရေး ရုံးဘေးက မြနန္ဒာပန်းခြံ၊ မြောက်ဥက္ကလာပမြို့နယ်က ဥက္ကလာသီရိပန်းခြံဝင်း၊ လှိုင်သာယာမြို့နယ်(အရှေ့ပိုင်း)က အောင်မြေသာယာအားကစားဝင်း၊ တွံတေး-ဒလ-လှိုင်သာယာက ဘုရားငုတ်တိုလမ်းဆုံ၊ သန်လျင်မြို့နယ်က ငြိမ်းချမ်းကွင်း၊ ကျောက်တံတားမြို့နယ်က ဆူးလေယာဉ်ရပ်နားကွင်းစတဲ့နေရာတွေမှာ အသီးသီးကျင်းပပြုလုပ်သွားခဲ့တာဖြစ်ပါတယ်။

ထောက်ခံပွဲမှာ ပါဝင်ခဲ့သူတွေဟာ သတ်မှတ်ပေးထားတဲ့ နေရာတွေမှာ နေရာယူပြီး ပြည်သူ့စစ်မှုထမ်းဥပဒေကို အပြည့်အဝ ထောက်ခံကြိုဆိုပါသည်၊ နိုင်ငံတော်အား ပြည်တွင်း/ပြည်ပ အန္တရာယ်များမှ ကာကွယ်ရေး တစ်မျိုးသားလုံး စစ်မှုထမ်းဆောင်စို့၊ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ် စောင့်ရှောက်ရန်အတွက် တစ်မျိုးသားလုံး စစ်ပညာသင်ကြားရန်နှင့် စစ်မှုထမ်းဆောင်ရန် တာဝန်ရှိသည်၊ ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိနေဖို့ စစ်ပညာ သင်ကြစို့ အစရှိတဲ့ ပိုစတာတွေကို ကိုင်ဆောင်ထားခဲ့ကြပါတယ်။

အဲ့ဒီနောက်မှာတော့ နိုင်ငံတော်အလံကို အလေးပြုတာ၊ နိုင်ငံတော်သီချင်း သံပြိုင်သီဆိုတာ၊ ဇာတိမာန်သီချင်းကို သံပြိုင်သီဆိုတာတွေ လုပ်ဆောင်ခဲ့ကြပြီး ပြည်သူ့စစ်မှုထမ်းဥပဒေပြဌာန်းရခြင်းရဲ့ရည်ရွယ်ချက်တွေကို အမျိုးသားရေးအင်အားစုက တာဝန်ရှိသူတွေကနေ ဟောပြောဆွေးနွေးတာတွေလည်း ရှိခဲ့တယ်လို့ သိရှိရပါတယ်။

အားလုံးအပြီးမှာတော့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ကြိုဆိုထောက်ခံပါတယ်လို့ တစ်ခဲနက် အော်ဟစ်ကြွေးကြော်ကာ လူစုခွဲလိုက်တယ်လို့ သတင်းကြားသိရပါတယ်။