ရခိုင်ပြည်နယ်တဝန်းက မြို့နယ်တွေတိုင်းမှာ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေက အဆမတန် မြင့်တက်လာနေတယ်လို့ သိရပါတယ်။
ဒီနေ့ ဒီဇင်ဘာလ ၁၉ ရက် မနက်ပိုင်းမှာ ပဲသီး ၁၅ တောင့်သာ ပါတဲ့ ပဲသီးတစ်စည်းဟာ ကျပ် ၂,၀၀၀ ဖြစ်သွားပြီလို့ သတင်းကြားသိရပါတယ်။
ငရုတ်သီး ၅၀၀ ဖိုး ဝယ်ရင် ၉ တောင့်သာ ရပြီး ပဲသီး ၁၅ တောင့် ပါဝင်တဲ့ ပဲသီးတစ်စည်းက ကျပ် ၂,၀၀၀၊ ခရမ်းသီးတစ်လုံးကို ကျပ် ၅၀၀၊ သံပုရာသီး တစ်လုံးကို ကျပ် ၅၀၀၊ ကြက်သွန်ဖြူ တစ်လုံးကို ကျပ် ၃၀၀ ဖြစ်နေပြီလို့ သိရှိရပါတယ်။
“ဒါဟာ အသားဟင်း၊ ငါးဟင်း မပါသေးဘူးနော်။ ဟင်းသီးဟင်းရွက်ဆိုတာမှ နည်းနည်းဆို နည်းနည်းလေးလောက် ဝယ်တာပဲ ရှိသေးတယ်။ ဆီ၊ ဆား၊ ကြက်သားမှုန့်တွေ ထပ်ဝယ်ရဦးမယ်။ ဟင်းချက်ဖို့အတွက် ဒီကုန်ဈေးနှုန်းနဲ့က လန့်တောင် လန့်နေပါပြီ”လို့ အိမ်ရှင်မတစ်ယောက်က ပြောပြပါတယ်။
ဆက်စပ်နေတဲ့ တခြား ကုန်ပစ္စည်းတွေက ဈေးတွေတက်နေတဲ့အတွက် သူတို့အနေနဲ့လည်း ကုန်စိမ်းဈေးနှုန်းတွေကို ဈေးတင်ရောင်းချမှသာ လိုအပ်တဲ့ပစ္စည်းတွေကို ဝယ်ယူနိုင်ဖို့အတွက် တွက်ခြေကိုက်တာကြောင့် ဈေးတင်ရောင်းနေရတာဖြစ်တယ်လို့ ကုန်စိမ်းရောင်းချသူတစ်ယောက်က အသိပေးပါတယ်။