—————-
စစ်တွေ၊ ဒီဇင်ဘာ ၁
ရခိုင်ပြည်နယ်ထဲက ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေတဲ့နေရာတွေမှာ စက်သုံးဆီ တစ်လီတာရဲ့ဈေးနှုန်းက ကျပ်ငွေ ၁၇,၀၀၀ လောက်အထိ မြင့်တက်လာနေတယ်လို့ သိရှိရပါတယ်။
စက်သုံးဆီဈေးနှုန်းတွေဟာ ရန်ကုန်၊ မန္တလေး အစရှိတဲ့ မြို့ကြီးတွေမှာလည်း တစ်လီတာကို ဒီဇင်ဘာလ ၁ ရက်နေ့မှာ ကျပ် ၄၀၀ ကျော်လောက် မြင့်တက်သွားခဲ့ပြီး ရခိုင်ပြည်နယ်က ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့နေရာတွေဆီမှာတော့ အလုအယက် တန်းစီတိုးဝှေ့ဝယ်ယူမှုတွေတောင် ဖြစ်နေတယ်လို့ ဆိုပါတယ်။
ဒါတောင်မှ တချို့သောမြို့တွေမှာ လူတစ်ယောက်ကို ဒါမှမဟုတ် ယာဉ်တစ်စီးကို ဆီ ၂ လီတာထက် ပိုမရောင်းပေးတော့ဘူးလို့ ဒေသခံသတင်းရင်းမြစ်တွေက ရေးသားနေကြပါတယ်။
လမ်းပိတ်ဆို့ ဖြတ်တောက်ထားမှုတွေရှိနေတဲ့အတွက် ရခိုင်ပြည်နယ်က တချို့သောမြို့တွေဆီကို ဆီတင်ဆောင်တဲ့ ဆီသယ်ယာဉ်တွေ ရောက်ရှိနိုင်ဖို့က ခက်ခဲနေပြီး အဲ့ဒါကြောင့်ပဲ နေ့စဉ်ရက်ဆက်ဆိုသလို စက်သုံးဆီရောင်းချမှုတွေက ဈေးတက်လာနေတာဖြစ်တယ်လို့ ဒေသခံတွေရဲ့ပြောကြားချက်အရ သတင်းကြားသိရပါတယ်။
“ဒီနေ့မှာ ဆီတစ်လီတာကို ၁၇,၀၀၀ နဲ့ စရောင်းတယ်။ ဒါတောင် ငွေပေးမယ်ဆိုလည်း ဆီကို ကိုယ်လိုသလောက်မရနိုင်တဲ့နေရာတွေ ရှိသွားပါပြီ။ ခွဲတမ်းနဲ့ရောင်းပေးသလို ရောင်းပေးတာပါ။ ၂ လီတာထက် ပိုဝယ်လို့ မရတော့ပါဘူး။ တကယ့်ကို စိတ်ပျက်စရာပါပဲ”လို့ ဘူးသီးတောင်ဒေသခံတစ်ယောက်က သူ့ရဲ့ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာထက်မှာ ရေးသားထားပါတယ်။