၂၀၂၅ခုနှစ်၊ဇန်နဝါရီလ၊(၉)ရက်
မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်အတွင်း ကျရောက်နေတဲ့ ဧရိယာအကျယ်အဝန်း ၉,၂၈၄ ဧကရှိသောနယ်မြေကို“ကဏန်းကျွန်းဒီရေတောကြိုးပြင်ကာကွယ်တော”အဖြစ် သတ်မှတ်လိုက်တယ်လို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာထုတ်ပြန်လိုက်ပါတယ်။
ဒီရေတောကြိုးဝိုင်း/ ကြိုးပြင်ကာကွယ်တောများ ဖွဲ့စည်းသတ်မှတ်ခြင်ဟာဒီရေတောဂေဟစနစ် ရေရှည်တည်တံ့စေဖို့နဲ့အတူစီမံအုပ်ချုပ်မှု ပိုမိုကောင်းမွန်လာစေဖို့ဖြစ်တယ်လို့ဆိုပါတယ်။
ဒါ့အပြင်ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝစေဖို့၊ လှိုင်းဒဏ်/ လေမုန်တိုင်းဒဏ်ခံစားရမှုများကို သဘာဝတံတိုင်းကြီးများသဖွယ် ကာကွယ်ဖို့နဲ့ဒေသခံပြည်သူများအတွက် သား၊ ငါး၊ ဂဏန်း၊ ပုစွန်စတဲ့ ရေသယံဇာတများ စဉ်ဆက်မပြတ် ထုတ်ယူသုံးစွဲနိုင်ဖို့ ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်တယ်လို့ဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဂဏန်းကျွန်းဒီရေတောကြိုးပြင်ကာကွယ်တောသတ်မှတ်ခြင်းအားဖြင့် ဒီရေတောအဓိကသစ်မျိုးတွေဖြစ်တဲ့ သမဲ့၊ ကန့်ပလာ၊ ဓနိစသည့် ဒီရေတောသစ်ပင်များအား ထိန်းသိမ်းနိုင်မယ့်အပြင် ဗြူးခြေထောက်၊ ဗြူးကြက်တက်၊ နှံဗြူး၊ ဗြူးအုပ်ဆောင်း၊ သမဲ့ကြီး၊ ကန့်ပလာစတဲ့ သစ်မျိုးတွေ စိုက်ပျိုးတည်ထောင်ထားတဲ့ဒီရေတောစိုက်ခင်းများကိုပါ ထိန်းသိမ်းကာကွယ်နိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။
ဒီရေတောတွေဟာအဏ္ဏဝါဂေဟစနစ်တည်ငြိမ်မှုအတွက် အရေးပါတဲ့ဂေဟစနစ်တစ်ခုဖြစ်တာ၊ရာသီဥတုပြောင်းလဲမှုကို ထိန်းညှိပေးနိုင်တာ၊မြေတိုက်စားမှုနဲ့ကမ်းပါးပြိုမှုသဘာဝဘေးအန္တရာယ်က ကာကွယ်ပေးနိုင်တဲ့အကျိုးကျေးဇူးတွေရရှိမှာဖြစ်တယ်လို့လည်းထုတ်ပြန်ချက်အရသိရပါတယ်။
မူရင်းဓါတ်ပုံပိုင်ရှင်ကို creditပေးပါသည်။