မြန်မာနိုင်ငံက စစ်မှုထမ်းဥပဒေသစ်ကို ရှောင်ရှားတဲ့အနေနဲ့ ထိုင်းနိုင်ငံထဲကို နယ်စပ်ကတစ်ဆင့် ထွက်ပြေးလာတဲ့ မြန်မာလူငယ်တွေ အရမ်းကို များလာတယ်လို့ ထိုင်းအခြေစိုက် The Nation သတင်းမီဒီယာက ရေးသားလိုက်ပါတယ်။
ထိုင်းနိုင်ငံထဲ ထွက်ပြေးလာတဲ့ မြန်မာလူငယ်တချို့ကို ထိုင်းနိုင်ငံ တာ့ခ်ပြည်နယ် နယ်စပ်ဒေသမှာ ဖမ်းဆီးရရှိထားတယ်လို့လည်း The Nation က ဆက်လက် အသိပေးထားပါတယ်။
တာ့ခ်ပြည်နယ် မဲဆောက်ခရိုင်အခြေစိုက် ရတ်ချာမနူတပ်ဖွဲ့က ထိုင်းတပ်ဖွဲ့ဝင်တွေဟာ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တုန်းက ဖော့ဖရာခရိုင်ထဲမှာရှိတဲ့ စမ်းချောင်းလေးတစ်ခုအနီးမှာ အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ၁၄ ဦးပါဝင်တဲ့ မြန်မာနိုင်ငံသား ၂၇ ဦးကို ဖမ်းမိခဲ့တယ်လို့ သိရှိရပါတယ်။
လူ ၂၇ ယောက်ပါဝင်တဲ့ ဒီအဖွဲ့ဟာ မြန်မာနိုင်ငံ မြဝတီမြို့ကနေ တာ့ခ်ပြည်နယ် မဲဆောင်ခရိုင်ထဲကို ဝင်ရောက်လာကြတာဖြစ်ပြီး လူမှောင်ခိုကုန်ကူးတဲ့သူတွေရဲ့အကူအညီနဲ့အတူ အဲ့ဒီအဖွဲ့ဟာ နယ်စပ်တစ်လျှောက်က တောလမ်းလေးအတိုင်း ထိုင်းနိုင်ငံထဲကို ဝင်ရောက်လာကြတာလို့ သတင်းကြားသိရပါတယ်။
အခုသီတင်းပတ်အစောပိုင်းတုန်းကလည်း တာ့ခ်ပြည်နယ် ဖော့ဖရာခရိုင်ထဲက တောအုပ်တစ်ခုထဲမှာ ပုန်းအောင်းနေတဲ့ အမျိုးသား ၁၁ ဦး၊ အမျိုးသမီး ၁၆ ဦးပါဝင်တဲ့ မြန်မာလူငယ် ၂၇ ဦးကို ထိုင်းနယ်စပ်တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့ပါသေးတယ်။