ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာရှိတဲ့ Bang Khunthian ခရိုင်က တိုက်ခန်းတစ်ခုမှာ T-တ်ခံထားရတဲ့ မြန်မာနိုင်ငံသား အမျိုးသားတစ်ယောက်ကို ထိုင်းရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိထားပြီး အဲ့ဒီမြန်မာအမျိုးသားရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ရေခဲသေတ္တာထဲမှာ ထည့်ထားခဲ့တယ်လို့ Bangkok Post သတင်းမီဒီယာက ရေးသားလိုက်ပါတယ်။
ဘန်ကောက်မြို့ရဲ့တောင်ဘက်စွန်းက Bang Khunthian ခရိုင်အတွင်းမှာ အခုဖြစ်စဉ် ဖြစ်ပွားခဲ့တာဖြစ်ပြီး စီးပွားရေးအဆောက်အအုံတစ်ခုမှာ မသင်္ကာဖွယ်ရာ တစ်စုံတစ်ခုဖြစ်နေတယ်လို့ ဖုန်းဆက်တိုင်ကြားမှုတစ်ခုကို Samae Dam ရဲစခန်းက လက်ခံရရှိပြီးတဲ့နောက် စစ်ဆေးမှုတွေကို သွားရောက်ဆောင်ရွက်ချိန်မှာ အခုလိုဖြစ်စဉ်ဖြစ်ပွားနေတာကို မြင်တွေ့လိုက်ရတာဖြစ်ကြောင်း သိရှိရပါတယ်။
Samae Dam ရဲစခန်းဟာ အခုတိုင်ကြားမှုကို ပြီးခဲ့တဲ့တနင်္ဂနွေနေ့က လက်ခံရရှိခဲ့တာဖြစ်ပါတယ်။ အဆောက်အအုံ စတုတ္ထထပ်က အငှားတိုက်ခန်းတစ်ခုမှာ အခင်းဖြစ်ပွားခဲ့တာဖြစ်ပြီး ရဲတွေနဲ့ ကယ်ဆယ်ရေးသမားတွေ သွားရောက် ရှာဖွေချိန်မှာ တိုက်ခန်းထဲက အဖြူရောင်ရေခဲသေတ္တာအတွင်း လူတစ်ယောက်ရဲ့ခြေထောက်နှစ်ချောင်းကို တွေ့လိုက်ရတာဖြစ်တယ်လို့ ဘန်ကောက်ပို့စ်က သတင်းရေးသားထားပါတယ်။
တိုက်ခန်းနဲ့ ရေချိုးခန်းထဲမှာ သွေးတွေ စွန်းပေနေပြီး ကုတင်အောက်မှာလည်း သံဆူးကြိုးတစ်ချောင်း တွေ့ခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က အသိပေးထားပါတယ်။
အဲဒီတိုက်ခန်းမှာ မြန်မာအမျိုးသားတစ်ယောက်က အိန္ဒိယအမျိုးသားတစ်ယောက်နဲ့အတူ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီဖွင့်ထားပြီး ပြီးခဲ့တဲ့သောကြာနေ့တုန်းက သူနဲ့အတူ တခြား မြန်မာမိတ်ဆွေ ၅ ယောက်က အဲ့ဒီအလုပ်ရုံးခန်းဆီ အတူတကွ လိုက်လာတာကို CCTV မှတ်တမ်းတွေကတဆင့် ရဲတပ်ဖွဲ့က ရှာဖွေရရှိထားပါတယ်။
အT-တ်ခံရသူ မြန်မာနိုင်ငံသားဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခြင်း မရှိသေးဘဲ တရားခံဖမ်းဆီးရမိရေးကိုလည်း ဆောင်ရွက်နေဆဲပဲဖြစ်တယ်လို့ သိရှိရပါတယ်။