၂၀၂၄၊စက်တင်ဘာလ၊၁၈ရက်
မြန်မာနိုင်ငံက ရေဘေးသင့်ဒေသတွေနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် အရေးပေါ် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပေးအပ်သွားဖို့ ဆောင်ရွက်နေပြီဖြစ်တယ်လို့မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက စက်တင်ဘာ ၁၇ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
မြန်မာနိုင်ငံက ရေဘေးသင့်ပြည်သူတွေအတွက် အကူအညီတွေကို အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ကတစ်ဆင့် ပေးအပ်သွားဖို့ ကြိုးစားသွားမှာဖြစ်ပြီး အကူအညီ အလိုအပ်ဆုံးသူတွေဆီ ပေးပို့တဲ့နေရာမှာ အဆင်ပြေချောမွေ့စေဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေကို တောင်းဆိုတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံတစ်ဝန်းမှာ ရေဘေးသင့်ပြည်သူ ခြောက်သိန်းကျော် (၆၃၁,၀၀၀) ရှိနိုင်တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး က ထုတ်ပြန်ထားသလို မြန်မာနိုင်ငံကို ထောက်ပံ့ကူညီသွားမဲ့အကြောင်း အမေရိကန် အပြင် အိန္ဒိယနဲ့ တောင်ကိုရီးယား နိုင်ငံတို့ကလည်း အသီးသီး ကြေညာထားကြပါတယ်။