ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းမှာရှိတဲ့ မြန်မာနယ်ခြားစောင့် တပ်ဖွဲ့ဝင် ၂၀၀ လောက်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ဘင်ဒရိုဘင်(ရွာတော်ခရိုင်)၊ နတ်ကျောက်ဆရီမြို့နယ်ထဲကို ဝင်ရောက်ခိုလှုံသွားကြောင်း သိရှိရပါတယ်။
မတ်လ ၁၀ ရက်၊ ညနေ ၄ နာရီလောက်က မောင်တောမြို့နယ် မြောက်ဘက် အောင်သပြေ နယ်ခြားစောင့် တပ်စခန်းဆီက တပ်ဖွဲ့ဝင်တွေနဲ့ AA အဖွဲ့ဝင်တွေဟာ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပြီးတဲ့နောက် နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ဝင်ရောက်ခိုလှုံသွားခဲ့ကြတာဖြစ်ပါတယ်။
မတ်လ ၁၁ ရက် မနက် ၉ နာရီလောက်က နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၂၉ ယောက်ဟာ နယ်စပ် Ashartali နယ်စပ်ကနေ လည်းကောင်း၊ ညနေ (၄)နာရီလောက်မှာ နောက်ထပ် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁၄၈ ဦးဟာ နယ်စပ် Jamchari နယ်စပ်ကလည်းကောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ဝင်ရောက်ခိုလှုံခဲ့ကြတာလို့ သိရှိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကလည်း နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၃၃၀ လောက်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ဝင်ရောက်ခိုလှုံခဲ့ကြပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကနေ မြန်မာနိုင်ငံဆီကို ဖေဖော်ဝါရီလ (၁၅) ရက်နေ့က ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ သတင်းကြားသိရပါတယ်။