ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ စမ်း/တောင်ရပ်ကွက်၊ မင်းလမ်းမှာရှိတဲ့ ဆံပင်ညှပ်ဆိုင်ဘေးက အထည်ဆိုင်တစ်ခုမှာ အမျိုးသမီး (၇)ယောက် မူးမေ့သတိလစ်သွားလို့ ဆေးရုံ ပို့လိုက်ရကြောင်း အနီးပတ်ဝန်းကျင်မှာရှိနေသူတွေက ပြောပါတယ်။
ဒီအဖြစ်အပျက်ဟာ မတ်လ (၁၆)ရက်၊ ည (၇)နာရီခွဲအချိန်လောက်က ဖြစ်ပွားခဲ့တာဖြစ်ပြီး လျှပ်စစ်မီး ပြတ်နေတာကြောင့် မီးစက်နှိုးထားရာကနေ ထွက်လာတဲ့ မီးခိုးတွေမွှန်ပြီး အဲ့ဒီအမျိုးသမီး ၇ ယောက်က မူးမေ့သတိလစ်သွားတာဖြစ်နိုင်တယ်လို့ စမ်းချောင်းမြို့နေ မစန်းစန်းလွင်က မှတ်ချက်ပေးပါတယ်။
ဖြစ်စဥ်ဖြစ်ပွားတဲ့နေရာဆီကို လူမှုကူညီရေးအသင်းတွေက လူနာတင်ကားတွေနဲ့ရောက်ရှိလာခဲ့ပြီး မူးမေ့သတိလစ်သွားသူတွေကို ဆေးရုံဆီ တင်ပို့ပေးလိုက်တာကြောင့် ဘာဖြစ်တယ်ဆိုတာကို ဆေးရုံက ဆရာဝန်တွေသာ သိကြလိမ့်မယ်လို့လည်း ဆိုင်အနီးပတ်ဝန်းကျင်မှာနေထိုင်သူတွေက ပြောပြပါတယ်။
ရန်ကုန်မြို့မှာ မတ်လ (၁၆)ရက်၊ ညနေ (၃)နာရီခွဲခန့်အချိန်လောက်က System Breakdown ဖြစ်ရာကနေ ဓာတ်အားစနစ်ချို့ယွင်းမှုတွေဖြစ်ပေါ်ခဲ့ပြီး လျှပ်စစ်မီးပြတ်တောက်မှုဟာ အချိန်အတော်ကြာအောင် ဖြစ်ပေါ်ခဲ့ပါတယ်။