မိသားစုက လမ်းဘေးမှာ လာရောက်စွန့်ပစ်ထားခဲ့တဲ့ အသက် (၅၅) နှစ်အရွယ် အမျိုးသားကြီးက သူ့ကိုအိမ်ပြန်မပို့ဖို့နဲ့ ဆေးရုံကိုလည်း မပို့ဖို့တောင်းဆိုတဲ့အတွက် MZK လူမှုကူညီကယ်ဆယ်ရေးအသင်းနဲ့ ရှင်သန်ရေးကူညီမှုအသင်းတို့ဟာ သူ့ကို သန်လျင်သဘာဝတရားရိပ်သာဆီ ပို့ဆောင်ပေးလိုက်ပြီလို့ သိရှိရပါတယ်။
အဲဒီအမျိုးသားကြီးဟာ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မေတ္တာညွှန့် ၈ လမ်းမှာ နေထိုင်တဲ့ ဦးမျိုးသန်း ဆိုသူဖြစ်ပြီး သူ့ကို သူရဲ့မိသားစုဝင်တွေက ဗိုလ်တထောင်ဘုရားလမ်းနဲ့ ကုန်သည်လမ်းထောင့်မှာ လာရောက်စွန့်ပစ်ထားခဲ့တာဖြစ်ပါတယ်။
သူ့ကို MZK လူမှုကူညီကယ်ဆယ်ရေးအသင်းနဲ့ ရှင်သန်ရေးကူညီမှုအသင်းတို့က ဒီနေ့ ဇန်နဝါရီလ ၃၀ ရက် မနက်ပိုင်းမှာ တွေ့ရှိခဲ့တာလို့ သတင်းကြားသိရပါတယ်။
ဦးမျိုးသန်း ဆီမှာ ရန်ကုန်ဆေးရုံကြီးဆီက ဆေးကုသမှုမှတ်တမ်းတချို့နဲ့ ငွေကျပ် တစ်သောင်းတစ်ထောင်ခန့်ပါရှိတဲ့ ကြွပ်ကြွပ်အိတ်၊ ထုတ်ပိုးထားတဲ့ အဝတ်တစ်စုံကို တွေ့ရှိခဲ့ရပြီး သူဟာ ဆီးဝမ်းမထိန်းနိုင်တဲ့ ဝေဒနာ ခံစားနေရသလို လမ်းလည်းမလျှောက်နိုင်ဘဲ ခြေထောက်တွေဖောယောင်နေတယ်လို့ ကူညီပေးခဲ့သူတွေက ပြောပြပါတယ်။
လက်ရှိမှာတော့ သက်ဆိုင်ရာရဲတပ်ဖွဲ့ဆီကို အသိပေးအကြောင်းကြားပြီး ရဲတပ်ဖွဲ့ဆီကနေ လိုအပ်တဲ့ စာရွက်စာတမ်း ထောက်ခံချက်တွေပြုလုပ်ပြီး ဦးမျိုးသန်း ကို သန်လျင်သဘာဝတရားရိပ်သာဆီ ပို့ဆောင်ပေးလိုက်ပြီလို့ ဆိုပါတယ်။