အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်က မက်ဆီ အနားယူပြီးရင် ကျောနံပါတ် ၁၀ ကို ဘယ်ကစားသမားကိုမှ ပေးမဝတ်တော့ဘဲ အနားပေးလိုက်ဖို့ စီစဉ်နေပါတယ်။ ဒါဟာ တကယ့်ကို စိတ်ဝင်စားစရာပါပဲ။
ဘာကြောင့်လဲဆိုတော့ ဒါဟာ အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ဘက်က ကျောနံပါတ် ၁၀ ကို အနားပေးဖို့ ဒုတိယအကြိမ်မြောက် ကြိုးစားလာတာပဲဖြစ်ပါတယ်။ ရှေ့မှာတုန်းက မာရာဒိုနာ အနားယူလိုက်ချိန်မှာ ကျောနံပါတ် ၁၀ ကို အနားပေးဖို့ အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ဘက်က စီစဉ်ခဲ့ဖူးပါတယ်။
ဒါပေမဲ့ အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ဘက်က တင်ပြတာကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ဘက်က လက်မခံခဲ့တဲ့အတွက် ကျောနံပါတ် ၁၀ ကို အနားပေးမယ့်အစီအစဉ်ဟာ အထမမြောက်ခဲ့ပါဘူး။
ဖီဖာက သူတို့ချမှတ်ထားတဲ့စည်းကမ်းအရ လက်ရွေးစင်အသင်းတစ်သင်းမှာ ကျောနံပါတ် ၁ ကနေ ၂၃ အထိ ရှိနေရမယ်လို့ အသိပေးကာ မာရာဒိုနာကို ဂုဏ်ပြုတဲ့အနေနဲ့ ကျောနံပါတ် ၁၀ အနားပေးလိုက်မယ့်အစီအစဉ်ကို ပယ်ချခဲ့ပါတယ်။
အခုလည်း မက်ဆီ အနားယူပြီးတာနဲ့ အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်က ကျောနံပါတ် ၁၀ ကို အနားပေးလိုက်ဖို့ ကြံရွယ်လာခဲ့ပြန်ပါပြီ။
ဖီဖာဘက်က ဒီတစ်ကြိမ်မှာ ခွင့်ပြုပေးလိုက်ရင်တော့ မက်ဆီဟာ မာရာဒိုနာ မရရှိခဲ့တဲ့ ဂုဏ်ပြုခံရမှုကို ပိုင်ဆိုင်ခွင့်ရှိလာတော့မှာပါ။ အာဂျင်တီးနားရဲ့ကျောနံပါတ် ၁၀ ဟာ မာရာဒိုနာအလွန်မှာ အော်တေဂါဆီကို ရောက်ရှိခဲ့ပြီး အဲ့ဒီနောက်မှာတော့ ကျောနံပါတ် ၁၀ ကို မက်ဆီက ဝတ်ဆင်ခွင့်ရခဲ့တာဖြစ်ပါတယ်။