ပြည်သူ့စစ်မှုထမ်းဥပဒေကို လာမယ့်ဧပြီလမှာကျရောက်မယ့် နှစ်သစ်ကူးရုံးပိတ်နောက်ပိုင်းမှာ လက်တွေ့အကောင်အထည်ဖော်နိုင်အောင် ဆက်ပြီးဆောင်ရွက်နေတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက အသိပေးလိုက်ပါတယ်။
အလုံးစုံဆောင်ရွက်တာထက် တစိတ်တပိုင်းဆောင်ရွက်တာကို အစပြုသွားမယ်လို့ သိရပြီး အပတ်စဥ်တစ်ခုကို လူဦးရေ ၅,၀၀၀ လောက် ခေါ်ဖို့ လျာထားတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပြကြောင်း BBC သတင်းဌာနရဲ့ရေးသားဖော်ပြချက်အရ သိရှိရပါတယ်။
တပ်ဖွဲ့ဝင်ရွေးချယ်မှုကို အချိုးကျလုပ်မယ်လို့ ကနဦးကြားသိရပြီး အဲဒီအတွက် အသေးစိတ်ညွှန်ကြားချက်တွေ ထပ်ထွက်လာမယ်လို့ ဆိုပါတယ်။
”စစ်မှုထမ်းတာဝန်ထမ်းဆောင်ရတယ်ဆိုပေမဲ့ အဓိက ကာကွယ်ရေးနဲ့ ပတ်သက်တဲ့ ပညာရပ်ကို နိုင်ငံသူနိုင်ငံသားအားလုံး တတ်စေဖို့၊ သိစေဖို့၊ သင်ကြားနိုင်စေဖို့၊ စစ်မှုထမ်းပြီးမှ လုပ်ငန်းခွင်ဝင်ဖို့၊ လုပ်ငန်းခွင်ကသူဆိုရင်လည်း လုပ်ငန်းခွင်က အလုပ်ပြန်ခန့်ဖို့ ဒါတွေကို နိုင်ငံစံချိန်စံညွှန်းတွေအတိုင်း ပါဝင်လာမှာဖြစ်ပါတယ်” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်း က BBC ရဲ့မေးမြန်းချက်ကို ဖြေကြားပေးခဲ့ကြောင်း သိရှိရပါတယ်။
ရှေ့တန်းစစ်မျက်နှာလွှတ်ဖို့စဥ်းစားချက်ကတော့ တစ်ဦးချင်းစီရဲ့ကျွမ်းကျင်တတ်မြောက်မှုအပေါ် မူတည်လိမ့်မယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်း က မှတ်ချက်ပေးထားပါတယ်။