ထောင်ဒဏ် ၁ နှစ် ကျခံနေရတဲ့ ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာကို မနက်ဖြန် ဖေဖော်ဝါရီ ၁၈ ရက်မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးတော့မှာဖြစ်တယ်လို့ ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဗင်ဆင်ကဒီနေ့ အတည်ပြုပြောကြားလိုက်ပါတယ်။
ထိုင်းနိုင်ငံရဲ့ဥပဒေအရ သက်ဆင်ဟာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွှတ်ပေးခွင့်ရှိတဲ့ အကျဉ်းသားတွေအထဲမှာ အကျုံးဝင်တာကြောင့် အခုလို လွတ်ငြိမ်းရရှိတာလို့ ထိုင်းဝန်ကြီးချုပ်က အသိပေးသွားခဲ့ပါတယ်။
သက်ဆင်ဟာ ပြည်ပမှာ ၁၅ နှစ်ကြာသွားရောက်တိမ်းရှောင်နေခဲ့တာကနေ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လမှာ ထိုင်းနိုင်ငံကို ပြန်ရောက်လာခဲ့ပြီး သူ့ကို ထိုင်းတရားရုံးက ထောင်ဒဏ် ၈ နှစ်ကျခံဖို့ အမိန့်ချမှတ်ခဲ့ပေမယ့် ထိုင်းဘုရင်က ထောင်ဒဏ် ၁ နှစ်သာကျခံဖို့ လျှော့ချပေးခဲ့ပါတယ်။
ကျခံရတဲ့ ထောင်ဒဏ် ၁ နှစ်ကလည်း သူ့ရဲ့ ကျန်းမာရေးအခြေအနေကြောင့် ဆေးရုံမှာ ဆေးဝါးကုသမှုခံယူရင်းနဲ့သာဖြတ်သန်းခဲ့ရပြီး ခြောက်လတာပြစ်ဒဏ်ကို ကျခံအပြီးမှာတော့ လွတ်ငြိမ်းနဲ့ ပြန်လည်လွတ်မြောက်ခွင့် ရသွားတော့မှာပဲဖြစ်ပါတယ်။