Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

နှစ်သင်းတည်းကန်မယ့် ဥရောပစူပါလိဂ် မြန်မြန်စတင်ပါစေလို့ မျှော်လင့်ကြောင်း ယူအီးအက်ဖ်အေဥက္ကဌ ပြော

နိုင်ရွန်၊ ဒီဇင်ဘာ ၂၃
ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)ဥက္ကဌ ဆီဖီရင် က ဥရောပစူပါလိဂ်ပြိုင်ပွဲကြီး မြန်မြန်စတင်ပါစေလို့ သူ့အနေနဲ့ မျှော်လင့်ကြောင်း ခနဲ့စကားပြောကြားလိုက်ပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲကြီးကို တုယှဉ်ပြိုင်မယ့် ဥရောပစူပါလိဂ်ပြိုင်ပွဲကြီးကို တည်ထောင်ဖို့ ကြံရွယ်ထားသူက ရီးရဲလ်မက်ဒရစ်ဥက္ကဌ ဖလော်ရင်တီနို ပီရက်ဇ် ပါ။

နှစ်ပေါင်းများစွာ အားထုတ်ခဲ့တဲ့ ဥရောပစူပါလိဂ်တည်ထောင်ခွင့်ကို ပြီးခဲ့တဲ့ရက်အနည်းငယ်လောက်က ဥရောပရဲ့အမြင့်ဆုံး ဗဟိုတရားရုံးချုပ်ကနေ ခွင့်ပြုချက်ပေးလိုက်လို့ ကျင်းပခွင့်ရှိသွားပြီပဲဖြစ်ပါတယ်။

ဥရောပစူပါလိဂ်ပြိုင်ပွဲ တည်ထောင်ကျင်းပမယ့်အစီအစဉ်ကို လတ်တလောမှာ အသင်းကြီးအများစုက ဆန့်ကျင်ထားကြပြီး ဥရောပစူပါလိဂ်ဘက်မှာ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာ နှစ်သင်းတည်းသာရှိနေလို့ ဥရောဘောလုံးအဖွဲ့ချုပ်ဥက္ကဌက အခုလို ခနဲ့တဲ့တဲ့စကားကို ပြောလိုက်တာပါ။

“ဥရောပစူပါလိဂ် တည်ထောင်တဲ့သူတွေကို ကျွန်တော်တို့က ဟန့်တားဖို့ ကြိုးစားမှာ မဟုတ်ပါဘူး။ သူတို့ အလိုရှိတဲ့အရာကို သူတို့ တည်ထောင်နိုင်ပါတယ်။ သူတို့အနေနဲ့ သူတို့ရဲ့ဥရောပစူပါလိဂ်ပြိုင်ပွဲကြီးကို မြန်နိုင်သမျှ မြန်မြန်စတင်နိုင်ပါစေလို့ ကျွန်တော် မျှော်လင့်ပါတယ်။ အသင်းနှစ်သင်းတည်းနဲ့ကစားမယ့် ပြိုင်ပွဲပေါ့လေ။ ဘောလုံးကစားနည်းဆိုတာ ရောင်းဖို့ပစ္စည်း မဟုတ်ပါဘူး”လို့ ဆီဖီရင်က အသိပေးသွားခဲ့ပါတယ်။