————————
ရန်ကုန်၊ နိုဝင်ဘာ ၃၀
အခုနိုဝင်ဘာလထဲမှာ အောင်ဘာလေထီရောင်းအားက ပြီးခဲ့တဲ့ အောက်တိုဘာတုန်းကထက် ကျပ်သိန်း ၅၀၀၀ ကျော် လျော့ကျသွားတယ်လို့ သိရှိရပါတယ်။
ပြီးခဲ့တဲ့အောက်တိုဘာလတုန်းက အောင်ဘာလေထီရောင်းရငွေဟာ ကျပ်သန်း ၆၂၃၂.၉၂၀ ရရှိခဲ့ပြီး အခု နိုဝင်ဘာလမှာတော့ အောင်ဘာလေထီ ရောင်းရငွေဟာ ကျပ်သန်း ၅၆၈၀.၂၀၀ ပဲ ရခဲ့တယ်လို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနက ထုတ်ပြန်အသိပေးလိုက်ပါတယ်။
ဒါကြောင့် အောက်တိုဘာလနဲ့ယှဉ်ရင် နိုဝင်ဘာလရဲ့ အောင်ဘာလေထီလက်မှတ်ရောင်းရငွေဟာ ကျပ်သိန်း ၅၀၀၀ ကျော် လျော့ကျသွားတယ်လို့ ဆိုရမှာပဲဖြစ်ပါတယ်။
အခုလအတွက် ရရှိတဲ့ အောင်ဘာလေထီလက်မှတ်ရောင်းရငွေ ကျပ်သန်း ၅၆၈၀.၂၀၀ ရဲ့ ၇၀ ရာခိုင်နှုန်းကိုတော့ ထီဆုအဖြစ် ခွဲဝေချီးမြှင့်သွားမှာဖြစ်တယ်လို့ အဲ့ဒီထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
“အရင်တုန်းက ထီကားလာရင် ထီကို အမြဲဆင်းထိုးဖြစ်တယ်။ အခု ကုန်ဈေးနှုန်းရော အစစအရာရာက ဈေးတက်လာတယ်လေ။ အပိုသုံးငွေ ငွေတစ်ထောင်လောက်ကိုတောင် စဉ်းစားချင့်ချိန်နေရတယ်။ ဝန်ထမ်းဖြစ်တော့ ဘတ်စ်ကားခတွေကအစ ဈေးတက်လာတဲ့အခါ အရင်တုန်းကလောက် ထီမထိုးနိုင်တော့ဘူး။ တစ်ခါတလေမှပဲ နည်းနည်းပါးပါး ထိုးဖြစ်တော့တယ်” လို့ အောင်ဘာလေထီ ကံစမ်းနေကျဝန်ထမ်းတစ်ယောက်က ပြောပြပါတယ်။