နိုင်ငံရေးပါတီတွေ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေတစ်ရပ်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ် ၁၅/၂၀၂၄ နဲ့ ပြဋ္ဌာန်းလိုက်တယ်လို့ ဒီနေ့ ဇန်နဝါရီလ ၃၀ ရက်နေ့မှာ နစက,က အသိပေးထုတ်ပြန်လိုက်ပါတယ်။
အခု ပြင်ဆင်ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေထဲမှာ ဖြေလျှော့မှုတွေ ပါဝင်လာခဲ့တယ်လို့လည်း သိရှိရပါတယ်။ အရင်တုန်းက ဒီဥပဒေရဲ့ပုဒ်မ ၅ (က) ပုဒ်မခွဲ(စ)မှာ ပါရှိတဲ့ ❛နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုသည့်နေ့ရက်မှစ၍ ရက်ပေါင်း ၉၀ အတွင်း❜ ဆိုတဲ့ စကားရပ်ကို ❛ရွေးကောက်ပွဲ ကျင်းပမည့်နေ့ရက်မတိုင်မီ အနည်းဆုံးရက်ပေါင်း ၉၀ ကြိုတင်၍ ကော်မရှင်က အမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်သည့်နေ့ရက်❜ ဆိုတဲ့ စကားနဲ့ အစားထိုးရမယ်လို့ ဖော်ပြပါရှိပါတယ်။
အဲ့ဒီလိုပဲ ❛ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀,၀၀၀❜ ဆိုသည့် စကားရပ်ကို ❛ပါတီဝင်ဦးရေ အနည်းဆုံး ၅၀,၀၀၀❜ဆိုသည့် စကားရပ်နဲ့ အစားထိုးရမယ်လို့ ပြင်ဆင်ပြဋ္ဌာန်းထားပါတယ်။
အရင်က ထုတ်ပြန်ထားတဲ့ဥပဒေရဲ့ပုဒ်မ ၅ (က)၊ ပုဒ်မခွဲ(ဇ)မှာ ပါရှိတဲ့ ❛နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုသည့်နေ့ရက်မှစ၍ ရက်ပေါင်း ၁၈၀ အတွင်း❜ ဆိုတဲ့ စကားရပ်ကို ❛ရွေးကောက်ပွဲ ကျင်းပမည့် နေ့ရက်မတိုင်မီ အနည်းဆုံးရက်ပေါင်း ၉၀ ကြိုတင်၍ ကော်မရှင်က အမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်သည့်နေ့ရက်❜ ဆိုတဲ့ စကားရပ်နဲ့ အစားထိုးရမယ်လို့ ပြင်ဆင်ပြဌာန်းလိုက်ကြောင်း သတင်းကြားသိရပါတယ်။