ဒေါ်အောင်ဆန်းစုကြည်ရဲ့အယူခံဝင်မှုတွေကို နိုင်ငံတော်အထူးတရားရုံးချုပ်က ပယ်ချလိုက်တယ်လို့ တရားရေးအသိုင်းအဝိုင်းဆီက သိရှိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းဆီကနေ ရွှေနဲ့ ဒေါ်လာတွေ ရယူခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ပြစ်မှုထင်ရှားကြောင်း သတ်မှတ်ခံခဲ့ရကာ ထောင်ဒဏ် ၅ နှစ် ချမှတ်ခံရတာကို စိတ်မကျေနပ်တဲ့အတွက် သူမရဲ့ရှေ့နေတွေကတဆင့် ပြည်ထောင်စုတရားရုံးချုပ်ဆီကို အယူခံတက်ခဲ့တာဖြစ်ပါတယ်။
ဒီအယူခံတင်သွင်းမှုကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၈ ရက်က တံခါးပိတ် စစ်ဆေးခဲ့အပြီးမှာ လုံလောက်တဲ့ အကြောင်းပြချက် မပေးနိုင်တဲ့အတွက် အထူးတရားရုံးချုပ်က ပယ်ချလိုက်တာလို့ လတ်တလောမှာ သိရှိရပါတယ်။
လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်ကို နောက်ထပ် အမှု ၅ မှု ဆက်လက်စစ်ဆေးဖို့ ကျန်ရှိနေသေးကြောင်း သတင်းကြားသိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အမှုစုစုပေါင်း ၁၉ မှုနဲ့ တရားစွဲဆိုခံခဲ့ရပြီး ထောင်ဒဏ် ၃၃ နှစ် အထိ ချမှတ်ခံခဲ့ရကာ ထောင်ဒဏ် ၆ နှစ်ကို လျှော့ပေါ့ပြစ်ဒဏ်အဖြစ် သတ်မှတ်ပေးလိုက်တဲ့အတွက် လတ်တလောမှာ ထောင်ဒဏ် ၂၇ နှစ် ကို ကျခံလို့နေရပါတယ်။