ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ သစ်သီးရောင်းသူတစ်ယောက်က သူ့မှာ အကြွေးတွေတင်နေတဲ့အတွက် သူ့ရဲ့မျက်လုံးတစ်ဖက်ကို ထုတ်ရောင်းမယ်လို့ အများပြည်သူမြင်ကွင်းမှာ ကြော်ငြာရေးသား ကမ်းလှမ်းလိုက်တယ်လို့ သိရှိရပါတယ်။
“မျက်လုံးရောင်းရန်ရှိသည်” လို့ ထိုင်းဘာသာနဲ့ ရေးသားထားတဲ့စာတန်းကို သူ့သစ်သီးဆိုင်မှာ ချိတ်ထားတဲ့ အသက် ၅၇ နှစ်အရွယ် သစ်သီးသည်အမျိုးသားတစ်ယောက်ရဲ့ဓာတ်ပုံဟာ မတ်လ ၈ ရက်နေ့ကစလို့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာထက်မှာ စတင်ပျံ့နှံ့လာခဲ့တာဖြစ်ပါတယ်။
အဲ့ဒီဖေ့စ်ဘွတ်ခ်ပို့စ်မှာ “သူ့အတွက် စိတ်မကောင်းဖြစ်ရပါတယ်။ ဘန်ကောက်၊ ဘန်ဘွန်ခရိုင်မှာ သစ်သီးသည်တစ်ယောက်က သူ့မျက်လုံးတစ်ဖက်ကို ထုတ်ရောင်းဖို့ အဆင်သင့်ဖြစ်နေပြီဆိုပြီး ကြော်ငြာထားတာ တွေ့ရပါတယ်” လို့ ရေးသားထားတာကို တွေ့ရှိရပါတယ်။
ထိုင်းမီဒီယာတွေက သစ်သီးသည်ဆီကို သွားရောက်တွေ့ဆုံမေးမြန်းတဲ့အခါ အမည်မဖော်လိုသူ သစ်သီးသည်က သူ့ရဲ့အကြွေးတွေပြန်ဆပ်ဖို့ ငွေလိုကြောင်းသာ ပြောကြားခဲ့ပြီး အကြွေးပြန်ဆပ်ရဖို့အတွက် ငွေဘယ်လောက်လိုတယ်ဆိုတဲ့ပမာဏကိုတော့ မသိရှိခဲ့ရပါဘူး။
ထိုင်းနိုင်ငံမှာ လူ့ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို တရားမဝင် ရောင်းချတာမှာ ပါဝင်ပတ်သက်မိရင် ပြင်းထန်တဲ့ပြစ်ဒဏ်ချမှတ်ခံရနိုင်သလို အင်္ဂါအစိတ်အပိုင်း ထုတ်ယူပေးတဲ့ ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူကိုလည်း အရေးယူတယ်လို့ ဆိုပါတယ်။
ဆွေမျိုးသားချင်းဆီက ကိုယ်အင်္ဂါအစိတ်အပိုင်းထုတ်ယူလှူဒါန်းတာမျိုးကိုပဲ ခွင့်ပြုထားကြောင်း ထိုင်းကြက်ခြေနီအသင်းဆီက သိရှိရပါတယ်။