ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ထိုင်းနိုင်ငံထဲဆီ ခိုးဝင်လာတဲ့ မြန်မာနိုင်ငံသားတွေကို တင်းတင်းကြပ်ကြပ် ဖမ်းဆီးထိန်းသိမ်းတာတွေရှိနေတယ်လို့ သိရှိရပါတယ်။
ထိုင်းအစိုးရဟာ လတ်တလောမှာတော့ လုံခြုံရေးပိုင်းဆိုင်ရာ တင်းကြပ်ထားပြီး နိုင်ငံအတွင်း ခိုးဝင်လာသူမှန်သမျှကို မလွတ်တမ်းဖမ်းဆီးပြနေသလို လက်ရှိမှာတော့ နယ်စပ်ကနေ ခိုးဝင်လာသူ မြန်မာနိုင်ငံသား ၈ ယောက်ကို ထိုင်းဘက်က ထပ်မံဖမ်းဆီးလိုက်ပြန်ပြီလို့ ဆိုပါတယ်။
ထိုင်း-မြန်မာ နယ်စပ်၊ သောင်ရင်းမြစ်ဘေးမှာရှိတဲ့ မယ်တောင်ကျေးရွာဘက်ကို ကင်းလှည့်ခဲ့တဲ့ ထိုင်းအာဏာပိုင်တွေဟာ မသင်္ကာဖွယ်ရာ ပစ်ကပ်ကားတစ်စီးကို တားဆီးစစ်ဆေးရာကနေ အဲဒီမြန်မာနိုင်ငံသား ၈ ဦးကို ဖေဖော်ဝါရီလ ၂၄ ရက် ညနေ ၅ နာရီခွဲအချိန်လောက်က ဖမ်းမိသွားခဲ့တာလို့ သိရပါတယ်။
အဲ့ဒီမြန်မာနိုင်ငံသားတွေဟာ ကရင်ပြည်နယ်၊ မြဝတီဘက်ကနေ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ထဲကို ခိုးဝင်လာခဲ့ကြတာဖြစ်ကာ အမျိုးသား ၃ ယောက်နဲ့ အမျိုးသမီး ၅ ယောက် ပါဝင်ပြီး အဲ့ဒီအဖွဲ့နဲ့အတူ ထိုင်းနိုင်ငံသားတစ်ယောက်ကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က အသိပေးထားပါတယ်။
ဖမ်းဆီးရမိသူတွေကို လူဝင်မှုကြီးကြပ်ရေးဌာနဆီ လွှဲပြောင်းပေးလိုက်ပြီး အဲဒီ လူဝင်မှုကြီးကြပ်ရေးဌာနကနေတဆင့် ဥပဒေအရ အရေးယူဆောင်ရွက်နိုင်စေဖို့အတွက် မဲဆောက်ရဲစခန်းဆီကို ဆက်လက်ပို့ဆောင်လိုက်ပြီလို့ သိရပါတယ်။