လက်ရှိ မန်ယူနည်းပြ အီရစ်ခ်တန်းဟတ်ဂ်ရဲ့မှတ်တမ်းက ဒေးဗစ်မိုယက်စ်ရဲ့မှတ်တမ်းထက်တောင် ညံ့နေပါပြီ။ ဒေးဗစ်မိုယက်စ် ဟာ လက်ရှိမှာတော့ ဝက်စ်ဟမ်းနည်းပြအဖြစ် တာဝန်ထမ်းဆောင်နေသူပါ။
မန်ယူနည်းပြ ဖာဂူဆန်က သူအနားယူတဲ့အချိန်မှာ သူ့နေရာကို အစားဝင်ဖို့အတွက် ဒေးဗစ်မိုယက်စ်ကို ရွေးချယ်ပေးခဲ့လို့ သူ့ကို မီဒီယာတွေက The Chosen One လို့တောင် တင်စားခဲ့ကြပါသေးတယ်။
ဒါပေမဲ့ ဒေးဗစ်မိုယက်စ် ဟာ မန်ယူကို ဘောလုံးရာသီတစ်ရာသီ ပြီးဆုံးအောင်အထိ တာဝန်မယူလိုက်ရဘဲ ရာသီမကုန်ခင်မှာတင် ရာထူးကနေ ထုတ်ပယ်ခံလိုက်ရပါတယ်။
အဲ့ဒီတုန်းက ပရီးမီးယားလိဂ် ပွဲ ၂၀ ပြီးဆုံးချိန်မှာ ဒေးဗစ်မိုယက်စ်က မန်ယူကို ရမှတ် ၃၄ မှတ်ရရှိအောင် လုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။ သွင်းဂိုးက ၃၃ ဂိုးအထိ ရှိခဲ့ပြီး ပေးဂိုးက ၂၄ ဂိုးသာ ရှိခဲ့ပါတယ်။
နည်းပြ အီရစ်ခ်တန်းဟတ်ဂ် ဟာ ဒီနှစ်ဘောလုံးရာသီရဲ့ ပွဲစဉ် ၂၀ ပြီးဆုံးချိန်မှာ မန်ယူကို ရမှတ် ၃၁ မှတ်ပဲ ရရှိစေခဲ့ပါတယ်။ သွင်းဂိုးဆိုလို့ ၂၂ ဂိုးသာ ရရှိခဲ့ပြီး ပေးဂိုးက ၂၇ ဂိုးတောင် ရှိနေပါတယ်။ ဒါကြောင့် ဒေးဗစ်မိုယက်စ် ကိုတောင် တန်းဟတ်ဂ်က လိုက်မမီတော့ဘူးလို့ မီဒီယာတွေက ရေးသားလာကြတာပါ။
ဒေးဗစ်မိုယက်စ် ဟာ လက်ရှိအချိန်မှာတော့ ဝက်စ်ဟမ်းအသင်းကို ဦးဆောင်ပြီး အောင်မြင်မှုတွေ ရရှိနေပြီပဲဖြစ်ပါတယ်။