Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

တစ်ရက်ပျမ်းမျှလျှပ်စစ်ဓါတ်အား(၂၄၀၀) မဂ္ဂါဝပ်ခန့်သာ ထုတ်လုပ်နိုင်တာမို့ တစ်နိုင်ငံလုံး လိုအပ်ချက်ရဲ့ (၅၅)ရာခိုင်နှုန်းခန့်သာရှိ

—————————————–

၂၀၂၄ခုနှစ်၊ဒီဇင်ဘာလ၊(၂၃)ရက်

မြန်မာတစ်နိုင်ငံလုံးရဲ့ တစ်ရက် လျှပ်စစ်ဓာတ်အားပျမ်းမျှလိုအပ်ချက် (၄၄၀၀)မဂ္ဂါဝပ်ဖြစ်ပေမယ့် တစ်ရက်ပျမ်းမျှ(၂၄၀၀) မဂ္ဂါဝပ်ခန့်သာ ထုတ်လုပ်နိုင်တာမို့ တစ်နိုင်ငံလုံး လိုအပ်ချက်ရဲ့ (၅၅)ရာခိုင်နှုန်းခန့်သာ ထုတ်လုပ်ပေးနိုင်တယ်လို့ လျှပ်စစ်ဝန်ကြီးဌာနက အသိပေးထုတ်ပြန်လိုက်ပါတယ်။

လျှပ်စစ်ဓာတ်အားလိုင်းတွေ ဖျက်ဆီးခံနေရသလို သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုတွေဖြစ်ပေါ်ခဲ့တာကြောင့် ရေအားလျှပ်စစ်စက်ရုံများနဲ့အပူစွမ်းအင်သုံးစက်ရုံတွေကနေ စွမ်းအားပြည့်ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးနိုင်မှု မရှိဘူးလို့လည်း ထုတ်ပြန်ချက်မှာ‌ဖော်ပြထားပါတယ်။

“လျှပ်စစ်မီးပြတ်တာကတောဒီနှစ်ပိုင်းတွေမှာပိုဆိုးဆိုးလာတယ်။အရင်ကနွေရာသီလောက်အပျက်များတာ။အခုအချိန်ပိုင်းလျှပ်စစ်မီးပေးတယ်ဆိုပြီးလေးနာရီတစ်ခါလာတယ်။အဲလေးနာရီမှာလည်းလာချင်မှလာတာမျိုး။လုပ်ရကိုင်ရတာခက်ခဲတာပေါ့။ရှေ့လျှောက်ပိုပျက်လာတော့မယ်ထင်ပါတယ်။တိုက်ခန်းတွေမှာစုနေရတာဆိုတော့ရာသီဥတုကလည်းပူမီးကလည်းမလာဆိုရင်တော့ရန်ကုန်ကသူတွေကတော့နေစရာနေရာကိုရှိတော့မယ်မထင်ဘူး”ဟုရန်ကုန်မြို့နေသူတစ်ဦးကမှတ်ချက်ပြုပါတယ်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနရဲ့ ကျွမ်းကျင်ဝန်ထမ်းတွေက ပြန်လည်ပြင်ဆင်မှုတွေပြုလုပ်နေပေမယ့် လက်ရှိ လျှပ်စစ်ဓာတ်အားလျော့နည်းဖြန့်ဖြူးပေးနိုင်မှုကို နားလည်ပေးကြပါရန်လည်း မေတ္တာရပ်ခံထားပါတယ်။

လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ကာလတို ဖြေရှင်းနိုင်ဖို့အတွက် သဘာဝဓာတ်ငွေ့ရည်ဖြင့် ဓာတ်အားထုတ်လုပ်တဲ့ LNGဓာတ်အားပေးစက်ရုံ စီမံကိန်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးစီစဉ်နေတယ်လို့ဆိုပါတယ်။

မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ လျှပ်စစ်ဓာတ်အားမလုံလောက်မှုဟာ ဆယ်စုနှစ်တစ်ခုအတွင်းအဆိုးဝါးဆုံးအခြေအနေဖြစ်နေပြီး လျှပ်စစ်ဝန်ကြီးဌာနဟာလည်း ထပ်တိုးမီးဖြတ်ချိန်တွေပါ သတ်မှတ်ထားရတာကို တွေ့ရပါတယ်။

မူရင်းဓါတ်ပုံပိုင်ရှင်ကို credit ပေးပါသည်။

#mercury#mercurynews#လျှပ်စစ်#ပြည်တွင်းသတင်း