———————-
ရန်ကုန်၊ ဒီဇင်ဘာ ၈
ရန်ကုန်မြို့က စက်သုံးဆီဆိုင်တွေမှာ ဆီထည့်ဖို့အတွက် စနစ်တကျ တန်းစီနေတဲ့ကားတွေရဲ့ ကြားထဲကို ကြားကဖောက်ဝင်ပြီး အလုအယက်နဲ့ ဆီထည့်ဖို့ လုပ်လာတဲ့ ကြားဖြတ်ကားတွေ ပေါ်လာလို့ မနက်တကည်းက တန်းစီစောင့်ဆိုင်းနေသူတွေဟာ ဒေါသထွက်နေကြပါတယ်။
တချို့ကားတွေဟာ မယောင်မလည်နဲ့ ဆီဆိုင်ရှေ့ကို မောင်းနှင်ရောက်ရှိလာပြီး လွတ်တဲ့နေရာဆီ တစ်စီး ခေါင်းထိုးဝင်တာမျိုး လုပ်နေတယ်လို့ သိရှိရပါတယ်။
တချို့သော စက်သုံးဆီဆိုင်တွေရဲ့ရှေ့မှာ အဲ့ဒီလို ကြားဖြတ်ပြီး နေရာလု ခေါင်းထိုးဝင်ပြီး ဆီထည့်သွားတဲ့ကားတွေကြောင့် စကားများ ရန်ဖြစ်တာတွေတောင် ရှိခဲ့တယ်လို့ သတင်းကြားသိရပါတယ်။
ကားတန်းရှည်ကြီးနဲ့ တရွေ့ရွေ့ တန်းစီတိုးဝင်နေရချိန်မှာ ကားတန်းကြီး ရှေ့ဆက်မရွေ့တော့တာ၊ စောင့်ဆိုင်းရချိန် ကြာမြင့်သထက် ကြာမြင့်လာတာတွေက အဲ့ဒီလို ကြားဖြတ်တဲ့ကားတွေကြောင့်ဖြစ်တယ်လို့ စက်သုံးဆီဆိုင်ရဲ့ရှေ့မှာ ဆီထည့်ဖို့ ရပ်စောင့်နေတဲ့ ယာဉ်မောင်းတစ်ယောက်က ပြောပြပါတယ်။
ဒီနေ့မှာလည်း စက်သုံးဆီဆိုင်တွေရဲ့ရှေ့မှာ ကားတန်းရှည်ကြီးတွေ ရှိနေဆဲဖြစ်ပြီး ဆိုင်ဝန်ထမ်းတချို့ကတော့ ဒီနေ့မှာ ပြီးခဲ့တဲ့နေ့တွေကထက် ဆီပိုထည့်ပေးနိုင်တာ၊ လိုသလောက် ရောင်းပေးနိုင်တာတွေ ရှိနေပါပြီလို့ အသိပေးပါတယ်။
ပုံစာ – စက်သုံးဆီဆိုင်တစ်ခုတွင် ကားများ ဆီဝင်ဖြည့်နေသည့်မြင်ကွင်းတစ်ခု။