Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ငလျင်ဘေးသင့်ကလေးငယ်များ ဖျားနာ၊တုတ်ကွေး၊ဝမ်းလျှောမကူးစက်အောင်ကြိုတင်ကာကွယ်သင့်ဟုဆို

—————————————————————————–

၂၀၂၅ခုနှစ်၊ဧပြီလ၊(၇)ရက်

ငလျင်ဘေးသင့်ကလေးငယ်တွေအနေနဲ့ ဖျားနာ၊ရာသီတုတ်ကွေး၊ဝမ်းလျှောရောဂါများမဖြစ်ပွား၊မကူးစက်အောင်ကြိုတင်ကာကွယ်ထားသင့်တယ်လို့ ကလေးအထူးကုဆရာဝန်ကြီးထံမှ သိရပါတယ်။

ငလျင်ဘေးသင့်ပြည်သူတွေထဲက ကလေးငယ်တွေအနေနဲ့ ရာသီဥတုပူပြင်းတာ၊မိုးရွာသွန်းတာကြောင့် တစ်ကြောင်း၊ အစာနဲ့ရေမသန့်တာကြောင့်တစ်ကြောင်းကြောင့် နှာစေး၊ချောင်းဆိုးဖျားနာတာတွေ၊ဝမ်းပျက်ဝမ်းလျှောရောဂါတွေ ဖြစ်ပွားနိုင်လို့အထူးသတိထားဖို့လိုအပ်တယ်လို့ ဆိုပါတယ်။

‘’ငလျင်ဘေးသင့်ကလေးငယ်တွေအနေနဲ့ ရာသီဥတုကပူတော့ အပူလျှပ်တာ၊ဖျားနာတာဖြစ်နိုင်တယ်။ မိုးရွာရင် အအေးပတ်နိုင်တယ်။ ဖျားနာနိုင်တယ်။အသက်ရူလမ်းကြောင်းကနေတစ်ဆင့်ကူးစက်နိုင်တဲ့ ဖျားနာ၊အအေးမိ ၊ရာသီတုတ်ကွေးတွေဖြစ်တတ်တယ်။ အချင်းချင်းကူးတတ်တယ်။ အဓိကကတော့ ကလေးရော၊ မိဘရော လက်သန့်ဖို့အရေးကြီးတယ်။နှာခေါင်းစည်းတွေတပ်ထားဖို့လိုတယ်။ အစာမသန့်၊ရေမသန့်ရင် ဝမ်းပျက်ဝမ်းလျှောဖြစ်နိုင်တဲ့အတွက် တတ်နိုင်သလောက်ရေသန့်သောက်တာ၊ ရေသန့်မရှိရင် ရေကိုကြိုချက် သောက်သုံးတာတွေဆောင်ရွက်သင့်တယ်”လို့ ကလေးအထူးကုဆရာဝန်ကြီးက Mercury Newsမှတစ်ဆင့် အကြံပြုပြောကြားထားပါတယ်။

ငလျင်ကယ်ဆယ်ရေးစခန်းမှာနေထိုင်တဲ့ ကလေးတစ်ဦးဖျားနာပါက ကျန်ကလေးတွေကိုမကူးစက်အောင် လက်ဆေးတာ၊နှာခေါင်းစည်းတပ်ပေးထားတာ၊ လေဝင်လေထွက်ကောင်းတဲ့နေရာမှာထားရှိထားတာတွေ ဆောင်ရွက်သင့်တယ်လို့ သိရပါတယ်။

ဓါတ်ပုံ-ကိုကျော်သူရ

#meruryews#မြန်မာ#mercury#ကူးစက်‌ရောဂါ