Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ချယ်လ်ဆီးရဲ့ရန်သူက တခြားသူ မဟုတ်ဘဲ ကိုယ်ကိုယ်တိုင် ပြန်ဖြစ်နေပြီလို့ နည်းပြ ပိုချက်တီနို ဝန်ခံ

ချယ်လ်ဆီးနည်းပြ ပိုချက်တီနိုက ချယ်လ်ဆီးရဲ့ရန်သူဟာ တခြားသူ မဟုတ်ဘဲ ကိုယ်ကိုယ်တိုင်ဖြစ်နေပြီဆိုတာကို သဘောပေါက်ဖို့ လိုလာပြီလို့ ထုတ်ဖော်ဝန်ခံလိုက်ပါတယ်။

ချယ်လ်ဆီးဟာ မနေ့တုန်းက ဝုလ်ဗာဟမ်တန်နဲ့ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ပြီး အခုဆိုရင် ချယ်လ်ဆီးရဲ့ပရီးမီးယားလိဂ် ရှုံးပွဲအရေအတွက်က ၈ ပွဲအထိ ရှိသွားခဲ့ပြီလည်းဖြစ်ပါတယ်။

အသင်းကစားသမားတွေဟာ အခွင့်အရေးပေါင်းများစွာကို ဖြုန်းတီးပစ်ခဲ့ကြပြီး ဒီရှုံးပွဲဟာ ဘယ်သူမပြု မိမိမှုရဲ့အကျိုးဆက်တွေပဲဖြစ်တယ်လို့ ပိုချက်တီနိုက မှတ်ချက်ပေးသွားခဲ့ပါတယ်။

သူ့အသင်းဟာ ဝုလ်ဗာဟမ်တန်နဲ့ပွဲကို အနိုင်ရဖို့အတွက် လက်တွေ့လုံလောက်မှု မရှိခဲ့သလို စိတ်ဓာတ်ပိုင်းဆိုင်ရာ စေ့ဆော်မှုနဲ့ ပြင်းပြမှုကလည်း အားရစရာကောင်းမနေခဲ့ဘူးလို့ နည်းပြ ပိုချက်တီနိုက ပြောကြားသွားခဲ့ပါတယ်။

ချယ်လ်ဆီးဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၄ ပွဲမှာ ၁ ပွဲသာ အနိုင်ရကာ ၃ ပွဲ ရှုံးနိမ့်ထားပြီး ဘောက်ဆင်းဒေးနဲ့ပွဲစဉ်အဖြစ် ခရစ္စတယ်လ်ပဲလေ့စ်နဲ့ ကစားရဖို့ ရှိနေပါတယ်။