ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့်ပွဲခွဲပွဲတွေကို ဒီနေ့(ဒီဇင်ဘာလ ၁၈ ရက်) မြန်မာစံတော်ချိန် ညနေ ၅ နာရီခွဲအချိန်ကစတင်ပြီး ဆွစ်ဇာလန်နိုင်ငံ၊ နိုင်ယွန်မြို့မှာ ကျင်းပသွားခဲ့ပါတယ်။
ယူအီးအက်ဖ်အေ အထွေထွေအတွင်းရေးမှူး မာချက်တီ ဟာ အထူးဧည့်သည်တော်အဖြစ် ဖိတ်ကြားထားတဲ့ ချယ်လ်ဆီးအသင်းခေါင်းဆောင်ဟောင်း ဂျွန်တယ်ရီနဲ့ တွဲဖက်ပြီး ချန်ပီယံလိဂ် ၁၆ သင်းအဆင့် အတွဲအဖက်တွေကို မဲခွဲပေးခဲ့ပါတယ်။
ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ ပေါ်တိုနဲ့ အာဆင်နယ်၊ နာပိုလီနဲ့ ဘာစီလိုနာ၊ ပီအက်စ်ဂျီနဲ့ ဆိုစီဒက်၊ အင်တာမီလန်နဲ့ အက်သလက်တီကို၊ ပီအက်စ်ဗီနဲ့ ဒေါ့မွန်၊ လာဇီယိုနဲ့ ဘိုင်ယန်မြူးနစ်၊ ကိုပင်ဟေဂင်နဲ့ မန်စီးတီး၊ လိုက်ပ်ဇစ်ဂျ်နဲ့ ရီးရဲလ်မက်ဒရစ်တို့ ထိပ်တိုက်တွေ့သွားခဲ့ပါတယ်။
အုပ်စုဒုတိယအဖြစ်နဲ့ အခုအဆင့်ဆီကို တက်လှမ်းလာတဲ့ ပေါ်တို၊ နာပိုလီ၊ ပီအက်စ်ဂျီ၊ အင်တာမီလန်၊ ပီအက်စ်ဗီ၊ လာဇီယို၊ ကိုပင်ဟေဂင်နဲ့ လိုက်ပ်ဇစ်ဂျ်တို့ဟာ ပထမအကျော့ပွဲစဉ်တွေကို အိမ်ကွင်းပွဲစဉ်တွေအဖြစ် ယှဉ်ပြိုင်ကစားရဖို့ ရှိနေပါတယ်။
ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ်တွေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်၊ ၁၄ ရက်၊ ၂၀ ရက်နဲ့ ၂၁ ရက်နေ့တွေမှာ ယှဉ်ပြိုင်ရဖို့ ရှိနေပြီး ဒုတိယအကျော့ပွဲစဉ်တွေကိုတော့ မတ်လ ၅ ရက်၊ ၆ ရက်ဦ ၁၂ ရက်နဲ့ ၁၃ ရက်နေ့တွေမှာ ကျင်းပသွားမယ်လို့ သိရပါတယ်။
ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ အာဂျင်တီးနား ဂန္ထဝင်ဘောလုံးသမားကြီး မာရာဒိုနာရဲ့အသင်းဟောင်းတွေဖြစ်ကြတဲ့ နာပိုလီနဲ့ ဘာစီလိုနာတို့ ထိပ်တိုက်တွေ့ဆုံနေမှုကလည်း စိတ်ဝင်စားစရာကောင်းလှပါတယ်။
ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပွဲစဉ်များ
——————–
ပေါ်တို(ပေါ်တူဂီ) – အာဆင်နယ်(အင်္ဂလန်)
နာပိုလီ(အီတလီ) – ဘာစီလိုနာ(စပိန်)
ပီအက်စ်ဂျီ(ပြင်သစ်) – ဆိုစီဒက်(စပိန်)
ပီအက်စ်ဗီ(နယ်သာလန်) – ဒေါ့မွန်(ဂျာမနီ)
ကိုပင်ဟေဂင်(ဒိန်းမတ်) – မန်စီးတီး(အင်္ဂလန်)
လိုက်ပ်ဇစ်ဂျ်(ဂျာမနီ) – ရီးရဲလ်မက်ဒရစ်(စပိန်)
အင်တာမီလန်(အီတလီ) – အက်သလက်တီကို(စပိန်)
လာဇီယို(အီတလီ) – ဘိုင်ယန်မြူးနစ်(ဂျာမနီ)