Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ခရစ္စမတ်ကျိန်စာကို နောက်ဆုံး ၆ ကြိမ် သင့်ထားတဲ့ လီဗာပူးနဲ့ အာဆင်နယ်၊ ဒီတစ်ခါလည်း ကံဆိုးဦးမှာလား

ဒီနေ့ည သန်းခေါင်ယံအချိန်မှာ လီဗာပူးအသင်းပိုင် အန်ဖီးလ်ဘောလုံးကွင်းကြီးထဲမှာ လီဗာပူးနဲ့ အာဆင်နယ်တို့ ခရစ္စမတ်အကြို ပရီးမီးယားလိဂ်ပွဲစဉ်ကို ယှဉ်ပြိုင်ကစားရပါတော့မယ်။ အနိုင်ရတဲ့အသင်းက ဘောက်ဆင်းဒေးနေ့ပွဲစဉ်တွေ မတိုင်ခင်အထိ အမှတ်ပေးဇယားထိပ်ဆုံးနေရာကို ရယူနိုင်တော့မှာပါ။ သရေကျခဲ့ရင်တော့ အာဆင်နယ်ကပဲ ထိပ်ဆုံးနေရာကို ဆက်လက် သိမ်းပိုက်ထားပါလိမ့်မယ်။ ပြောရမယ်ဆိုရင် ခရစ္စမတ်နေ့မှာ အမှတ်ပေးဇယားရဲ့ထိပ်ဆုံးနေရာကို ဘယ်အသင်းက ရသွားလေမလဲဆိုတာ ဒီပွဲက အဖြေထုတ်ပေးသွားမှာပါ။

ဒီနေရာမှာ ထူးခြားချက်တစ်ခုကို ပြောပြချင်ပါတယ်။ ခရစ္စမတ်နေ့မှာ အမှတ်ပေးဇယားရဲ့ထိပ်ဆုံးနေရာက ရရှိပြီး ချန်ပီယံဆုနဲ့လွဲခဲ့ရတဲ့အသင်းဆိုလို့ ၂ သင်းပဲ ရှိခဲ့ဖူးပါတယ်။ အဲ့ဒါက အာဆင်နယ်နဲ့ လီဗာပူး တို့ပါပဲ။ ခရစ္စမတ်နေ့မှာ ဇယားထိပ်ဆုံးနေရာကို ရရှိပြီး အာဆင်နယ်နဲ့ လီဗာပူးတို့ ချန်ပီယံမဖြစ်ခဲ့တာဟာ ၂၀၀၇-၀၈ က စတင်ပြီး ရေတွက်လိုက်မယ်ဆိုရင် ဘောလုံးရာသီ ၆ ရာသီတောင် ရှိသွားခဲ့ပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂-၂၃ ဘောလုံးရာသီတုန်းကလည်း ခရစ္စမတ်နေ့မှာ အမှတ်ပေးဇယားထိပ် ရပ်တည်ခဲ့သူက အာဆင်နယ်ပါ။ ရာသီကုန်တော့ အာဆင်နယ်ဟာ ချန်ပီယံဆုနဲ့ လွဲခဲ့ရဖူးပါတယ်။

၂၀၀၇-၀၈         အာဆင်နယ်(ခရစ္စမတ်နေ့တွင် အမှတ်ပေးဇယားကို ဦးဆောင်သူ)၊ ချန်ပီယံ မန်ယူ

၂၀၀၈-၀၉         လီဗာပူး(ခရစ္စမတ်နေ့တွင် အမှတ်ပေးဇယားကို ဦးဆောင်သူ)၊ ချန်ပီယံ မန်ယူ

၂၀၁၃-၁၄          လီဗာပူး(ခရစ္စမတ်နေ့တွင် အမှတ်ပေးဇယားကို ဦးဆောင်သူ)၊ ချန်ပီယံ မန်စီးတီး

၂၀၁၈-၁၉          လီဗာပူး(ခရစ္စမတ်နေ့တွင် အမှတ်ပေးဇယားကို ဦးဆောင်သူ)၊ ချန်ပီယံ မန်စီးတီး

၂၀၂၀-၂၁           လီဗာပူး(ခရစ္စမတ်နေ့တွင် အမှတ်ပေးဇယားကို ဦးဆောင်သူ)၊ ချန်ပီယံ မန်စီးတီး

၂၀၂၂-၂၃           အာဆင်နယ်(ခရစ္စမတ်နေ့တွင် အမှတ်ပေးဇယားကို ဦးဆောင်သူ)၊ ချန်ပီယံ မန်စီးတီး

၂၀၂၃-၂၄ ဘောလုံးရာသီရဲ့ခရစ္စမတ်နေ့မှာ အမှတ်ပေးဇယားကို ဦးဆောင်ထားမှာက လီဗာပူးလား၊ အာဆင်နယ်လား။ အစဉ်အလာ ကလင်ဒါကျကရော ဆက်ပြီး မှန်ကန်လေဦးမလား။