ရိုးမားကို တာဝန်ယူဦးဆောင်နေတဲ့ မန်ယူနည်းပြဟောင်း မော်ရင်ညိုက လက်ရှိမန်ယူ ရင်ဆိုင်ကြုံဆုံနေရတာတွေနဲ့ပတ်သက်ပြီး မှတ်ချက်စကားတစ်ခွန်း ပြောကြားလိုက်ပါတယ်။
မော်ရင်ညိုဟာ သူတာဝန်ယူခွင့်ရခဲ့တဲ့ သက်တမ်းအတွင်းမှာ မန်ယူကို ကွန်မြူနတီဒိုင်း၊ ခရာဘောင်းဖလားနဲ့ ယူရိုပါလိဂ်ဖလားတွေ ဆွတ်ခူးနိုင်အောင် ဦးဆောင်ဦးရွက်ပြုပေးခဲ့သူပါ။
သူ့ရဲ့နည်းပြဘဝဖြတ်သန်းမှုတလျှောက်မှာ မန်ယူကို အမှတ်ပေးဇယားရဲ့အဆင့် ၂ နေရာရအောင် လုပ်ပေးနိုင်ခဲ့တာကို ဂုဏ်အယူရဆုံးပဲလို့လည်း မော်ရင်ညိုက အသိပေးထားပါတယ်။
မော်ရင်ညိုဟာ မန်ယူကို စွန့်ခွာခဲ့ပြီးတဲ့နောက်ပိုင်းမှာ မန်ယူက အသင်းတွင်း ပြဿနာတွေ ရှိနေတယ်၊ အသင်းတွင်း လှိုက်စားမှုတွေကို ရင်ဆိုင်နေရတယ်၊ အသင်းကို ဖျက်လိုဖျက်ဆီးပြုနေတဲ့ ကစားသမားတွေနဲ့ ဝန်ထမ်းတွေဟာ အသင်းမှာ ရှိနေတယ်လို့ ဝေဖန်ခဲ့သူပါ။
အခုလည်းပဲ မော်ရင်ညိုက အဲ့ဒီကစားသမားတွေနဲ့ ဝန်ထမ်းတွေဟာ မန်ယူအသင်းထဲမှာ ဆက်ရှိနေဆဲပဲလို့ ဆင်ခြင်သုံးသပ်စရာ စကားတစ်ခွန်းကို ပြောသွားခဲ့ပါတယ်။
“မန်ယူနည်းပြရာထူးကနေ ထွက်ခဲ့ရပြီးတဲ့နောက် နှစ်လအကြာမှာ ကျွန်တော်ပြောခဲ့တဲ့ အသင်းကို ဖျက်ဆီးနေသူတွေဆိုတာက အသင်းဆီမှာ အခုအချိန်ထိ ရှိနေတုန်းပါပဲ။ အဲ့ဒီလူတွေ ရှိနေသရွေ့တော့ အောင်မြင်မှုဆိုတာကို ခင်ဗျားတို့ စိတ်တောင်မကူးလိုက်ပါနဲ့။ ဖြစ်လာဖို့ မရှိပါဘူး။ ကျွန်တော် ပြောခဲ့ဖူးတဲ့ အသင်းကို ဖျက်ဆီးနေသူတွေဆိုတာဟာ အခုအထိ မန်ယူဆီမှာ အရင်အတိုင်းပဲ အခြေမပျက် ရှိနေဆဲပါပဲ”လို့ ဂျွန်အိုဘီ မီခေးလ်နဲ့ Podcast တွေ့ဆုံမေးမြန်းခန်းမှာ မော်ရင်ညိုက ထည့်သွင်းအသိပေးသွားခဲ့ပါတယ်။
Photo – BBC Sport