—————————————
၂၀၂၄ခုနှစ်၊စက်တင်ဘာလ၊(၇)ရက်
ကျိုက်ထိုမှာတွေ့တဲ့ လူနာကိုဓာတ်ခွဲနမူနာရယူပြီးစစ်ဆေးကြည့်ရာ မျောက်ကျောက် ရောဂါနဲ့ ရေကျောက်ရောဂါဖြစ်ပွားတာမဟုတ်ဘဲအရေပြားရောဂါသာဖြစ်ပွားနေတာဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်လိုက်ပါတယ်။
ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းစဉ်အရ (၅-၉-၂၀၂၄)ရက်နေ့၊ ညနေပိုင်းတွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်စစ်ဆေးရေးဂိတ်တွင် ဘားအံမြို့မှ လာရောက်တဲ့မှန်လုံယာဥ် တစ်စီးပေါ်မှာအသက် (၄၅)နှစ်အရွယ် အမျိုးသားခရီးသည် တစ်ဦးသည် ဖျားခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ မျက်နှာနှင့် အရေပြားပေါ်တွင် အရည်ကြည်ဖုနှင့်အသားဖုများထွက်ခြင်း လက္ခဏာများတွေ့ရှိရတယ်လို့ ဖော်ပြထားပါတယ်။
လူနာကို ကျိုက်ထိုမြို့နယ်ပြည်သူ့ဆေးရုံရဲ့ သီးသန့်လူနာဆောင်မှာ ထားရှိကာမျောက်ကျောက်ရောဂါနဲ့ရေကျောက်ရောဂါ စမ်းသပ်စစ်ဆေးခြင်းနဲ့ လိုအပ်တဲ့ဆေးကုသမှုပေးခြင်းတွေ ဆောင်ရွက်လျက်ရှိရာ လူနာရဲ့ဆေးစစ်ချက်အဖြေအရ ကိုယ်ခံအား အလွန်ကျဆင်းလျက်ရှိတာ တွေ့ရတယ်လို့ဆိုပါတယ်။
စက်တင်ဘာ(၆)ရက်မှာ လူနာရဲ့အခြေအနေမှာ တည်ငြိမ်ကောင်းမွန်လျက်ရှိပြီး လူနာရဲ့အရည်ကြည်ဖုများမှ ဓာတ်ခွဲ နမူနာများရယူကာအမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာန(ရန်ကုန်)သို့ ပေးပို့ခဲ့ရာ ညနေပိုင်းတွင် ရရှိခဲ့တဲ့ဓါတ်ခွဲအဖြေအရမျောက်ကျောက်ရောဂါ ဗိုင်းရပ်စ်ပိုး နဲ့ ရေကျောက် ရောဂါဗိုင်းရပ်စ်ပိုး တို့ကို တွေ့ရှိခြင်းမရှိဘူးလို့ကျန်းမာရေးဝန်ကြီးဌာနနရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။