————————————-
ရန်ကုန်၊နိုဝင်ဘာ ၃၀
နိုဝင်ဘာ ၂၉ ရက်နေ့ မနက်ပိုင်းက နေပြည်တော်မှာရှိတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမမှာ ပြုလုပ်ကျင်းပခဲ့တဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၆/၂၀၂၃) မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြီးခဲ့တဲ့လမှာဖြစ်ပွားခဲ့တဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကိုးကန့်ဒေသဆီက လုံခြုံရေးစခန်းတွေကို တိုက်ခိုက်တာမှာ TNLA၊ KIA၊ AA အဖွဲ့တွေအပြင် ပြည်ပကနေ Drone ပညာရှင် ၆၅၀၀ လောက်အထိ ပါဝင်ခဲ့တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။
အဲဒီအဖွဲ့တွေဟာ သာလွန်အင်အားအသုံးပြုပြီး စစ်သုံးအဆင့် Drone တွေအပြင် Drop Bomb အလုံးပေါင်း ၂၅၀၀၀ ကျော်အသုံးပြုခဲ့သလို ၁၀၇ မမ ရှော့တိုက်ဒုံး အလုံး ၁၂၀ နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖုန်တာရွှင်ဦးဆောင်တဲ့အဖွဲ့ဟာ ၂၀၁၅ ခုနှစ်ကလည်း လုံခြုံရေးစခန်းတွေကို တိုက်ခိုက်ခဲ့ပြီး ၂၀၁၆ ခုနှစ်မှာလည်း မုန်းကိုး၊ ဖောင်းဆိုင်၊ ကြူကုတ်၊ ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းတွေကို တိုက်ခိုက်ခဲ့ပါသေးတယ်။ အဲဒီလိုပဲ ၂၀၁၇ ခုနှစ်ကိုရောက်လာချိန်မှာလည်း ရန်လုံကျိုင်းဂိတ်ကို ဝင်ရောက်တိုက်ခိုက်တာတွေလုပ်ခဲ့တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောဆိုသွားခဲ့ပါတယ်။