၂၀၂၅ခုနှစ်၊ဖေဖော်ဝါရီလ(၁၅)ရက်
ကရင်ပြည်နယ်၊မြဝတီဒေသရှိအွန်လိုင်းအသုံးပြုလိမ်လည်မှုနဲ့အွန်လိုင်းလောင်းကစားမှု တွေကိုထိထိရောက်ရောက်တိုက်ဖျက်နိုင်ဖို့တရုတ်၊ထိုင်း၊မြန်မာ အဆင့်အမြင့်အရာရှိကြီးများအစည်းအဝေးဆောင်ရွက်ဖို့ စီစဉ်နေတယ်လို့သိရပါတယ်။
ဖေဖော်ဝါရီလ(၁၄)ရက်နေ့ကနေပြည်တော်မှာပြည်ထဲရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်ဦးဆောင်တဲ့အဖွဲ့နဲ့မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Ms. Ma Jia (မစ္စမာကျား) နှင့် တရုတ်ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာန လက်ထောက်ဝန်ကြီး Mr. Liu Zhong Yi (မစ္စတာလျိုကျုံးရီ) ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့တို့တွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
အဲဒီဆွေးနွေးပွဲမှာ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ အွန်လိုင်းအသုံးပြုလောင်းကစားမှုမ တွေနဲ့ဆက်သွယ်ရေးလိမ်လည်မှုတွေအပါအဝင် နယ်စပ်ဖြတ်ကျော်မှုခင်းတွေကိုမြန်မာ-တရုတ် နှစ်နိုင်ငံပူးပေါင်းတားဆီးနှိမ်နင်းရေးကိစ္စရပ်တွေကိုဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။
ဒါအပြင် မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ မြဝတီဒေသရှိ အွန်လိုင်းအသုံးပြုလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုတိုက်ဖျက်ရေးလုပ်ငန်းတွေကိုထိရောက်စွာ အကောင်အထည်ဖော်နိုင်ဖို့အတွက်တရုတ်-မြန်မာ-ထိုင်း(၃)နိုင်ငံအကြား အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကျင်းပပြုလုပ်နိုင်ရေးဆိုင်ရာကိစ္စရပ်တွေကိုလည်းဆွေးနွေးခဲ့ကြတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ကရင်ပြည်နယ် မြဝတီနယ်မြေအတွင်း တရားမဝင်ရောက်ရှိနေတဲ့ နိုင်ငံခြားသားတွေကိုလုပ်ထုံးလုပ်နည်းနဲ့အညီ ပြည်နှင်နိုင်ရေး ဆောင်ရွက်နေမှုတွေ၊ တရုတ်နိုင်ငံကအလိုရှိတဲ့ တရားခံပြေးများနှင့်ပတ်သက်ပြီး ဖမ်းဆီးရမိမှုနဲ့ပြန်လည်လွှဲပြောင်းပေးနိုင်မှုအခြေအနေတွေကိုလည်းဆွေးနွေးခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။