၂၀၂၅၊ဇန်နဝါရီလ၊၁၀ရက်
အမေရိကန်ပြည်ထောင်စု၊အနောက်ဘက်ခြမ်း၊ကယ်လီဖိုးနီးယားပြည်နယ်၊လော့အိန်ဂျလိစ်မြို့ရဲ့ နေရာငါးခုမှာ တောမီးလောင်ကျွမ်းပြီး လူငါးဦးထက်မနည်း သေဆုံးခဲ့သလို အဆောက်အဦး၁၀၀၀ကျော်အထိ ပျက်စီးခဲ့တယ်လို့ အမေရိကန်အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက်အရသိရပါတယ်။
တောမီးလောင်ကျွမ်းမှုဟာ ခြောက်သွေ့တဲ့ အခြေအနေနဲ့ လေပြင်းတိုက်ခတ်တာကြောင့် အားကောင်းလာတာဖြစ်ပြီး မနေ့က ဇန်နဝါရီ၉ရက်မှာ လော့အိန်ဂျလိစ်မြို့က လူပေါင်း တစ်သိန်းသုံးသောင်း ကျော်ကို ဘေးလွတ်ရာကို ရွှေ့ပြောင်းကြဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေက အမိန့်ထုတ်ထားခဲ့ရပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကလည်း ကယ်လီဖိုးနီးယားတောမီး လောင်ကျွမ်းမှုကို ပြည်ထောင်စု အရေးပေါ် အခြေအနေအဖြစ် ကြေညာထားပြီး တောမီးငြှိမ်းသတ်ရေးအတွက် ဖက်ဒရယ်အစိုးရ အရင်းအမြစ်နဲ့ ရန်ပုံငွေတွေ ချထားပေးမယ်လို့ ထုတ်ပြန်ထားပါတယ်။
မိုးလေဝသပညာရှင်တွေကတော့ ခြောက်သွေ့နေတဲ့ရာသီဉတုအခြေအနေ၊လေပြင်းတိုက်ခတ်နိုင်ခြေတွေကြောင့် ကယ်လီဖိုးနီးယားတောမီးဟာ ဒီနေ့ညနေလောက်အထိ လောင်ကျွမ်းနိုင်ခြေရှိသေးတယ်လို့ သုံးသပ်ထားကြပါတယ်။
မူရင်းဓါတ်ပုံပိုင်ရှင်ကို creditပေးပါသည်။